Logo

စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန်များကို သက်သာသော အခွန်နှုန်းထားသို့ြ

စက်မှုကုန်ထုတ် လုပ်ငန်းများအတွက် ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် ကုန်ကြမ်းသွင်းကုန်အပေါ် ကျသင့်မည့် ကုန်သွယ်လုပ်ငန်းခွန်များကို သက်သာသော အခွန်နှုန်းထားသို့ ပြင်ဆင်သတ်မှတ်ပေးသွားရန်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။ “ဥပမာ အိမ်မိုးသွပ်ကုန်ချောကို ပြည်ပမှတင်သွင်းပါက ကုန်သွယ်ခွန် နှစ်ရာခိုင်နှုန်းသာ ကျသင့်ပြီး သံပြားကုန်ကြမ်းသွင်း၍ သွပ်ပြားထုတ်လုပ်ပါက ကုန်ကြမ်းသွင်းကုန်အတွက် ၂၀ ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသည့်အပြင် ထုတ်လုပ်ခွန်နှင့် ရောင်းချခွန်ကိုပါ ထုတ်လုပ်သူအနေနဲ့ ထပ်မံကျခံရတဲ့အတွက် စက်မှုလုပ်ငန်းထူထောင် ထုတ်လုပ်သူအနေဖြင့် ပစ္စည်းတင်သွင်း ရောင်းချသော ကုန်သည်ကို ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မရှိတာမျိုး တွေ့ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။ ၎င်းအဆိုအတွက် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် “ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ကုန်ကြမ်း တင်သွင်းမှုအပေါ် ကျသင့်တဲ့ ကုန်သွယ်လုပ်ငန်းခွန်က ကုန်ချောတင်သွင်းမှုအတွက် ကျသင့်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ထက် ပိုမိုနေသည့် ကုန်စည်အချို့ ရှိနေပါတယ်။ ကုန်စည်များရဲ့ အသုံးဝင်မှု ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနေမှု ဖြစ်ခြင်း၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Valued Added Tax, Goods and Services Tax  အစရှိတဲ့ ထိရောက်ထက်မြက် လွယ်ကူသော အခွန်စနစ်သို့ ပြောင်းလဲကျင့်သုံးရန် လိုအပ်နေခြင်းကြောင့် လက်ရှိ ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများအစား ပြင်ဆင်ထားပြီးဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေနှင့်အညီ   အခွန်နှုန်းထားများကို ပြင်ဆင်သတ်မှတ်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်၊ လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပေးထားတဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပြင်ဆင်ပြီး ဖြစ်တဲ့အတွက် အစိုးရအဖွဲ့အနေနဲ့ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အမိန့်ကြော်ငြာများကို ဆက်လက်ပြင်ဆင် ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါ့ကြောင့်မို့ ကုန်သွယ်လုပ်ငန်းခွန်ကို နိုင်ငံတကာ အခွန်စနစ်များနည်းတူ ရှင်းလင်းလွယ်ကူပြီး အခွန်ဝန်ထုပ်ဝန်ပိုးများ မဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးရင်း တင်ပြအပ်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Read more http://www.khitlunge.net.mm/news/news_detail.aspx?info_id=26113

Additional information