Logo

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ြ

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ဇန်န၀ါရီ ၁၁ ရက်တွင် ပြီးစီးခဲ့ရာ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များနှင့်ပတ်သက်၍ သဘောတူညီချက်များရရှိခဲ့ကြောင်း အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည့် သတင်းကြေညာချက်၌ ဖော်ပြထားသည်။ အဆိုပါကိစ္စရပ်များတွင် ကိုရီးယားကျွန်းဆွယ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနှင့် သက်ဆိုင်သည့် နိုင်ငံများ၏ စီမံခန့်ခွဲမှုဆိုင်ရာ ကြေညာချက် အကောင်အထည်ဖော်ရေးနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်တိုးတက်မှုနှင့် အခြားကိစ္စရပ်များ ပါဝင်သည်။ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေးကို ထပ်လောင်းတောင်းဆိုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခဲ့ကြပြီး ဤသို့စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူပြုမည်ဖြစ်သည်ဟု ပြောကြားသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ဆက်လက်အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုသည့်အတွက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကြားဝင်ဆောင်ရွက်ပေးနေမှု အခန်းကဏ္ဍကို အဆုံးသတ်ရေးကို တောင်းဆိုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခဲ့သည်။ မိမိတို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်၏ တိုးတက်မှုများကို ကြိုဆိုကြောင်း၊ မြန်မာ့အရေးနှင့်ပတ်သက်၍ ပြင်ပတွင် မည်သည့်နိုင်ငံတကာညီလာခံမှ ကျင်းပရန်လည်း မလိုတော့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟောင်နမ်ဟောင်က ပြောကြားသည်။ ၂၀၁၂ ခုနှစ်တွင် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းအား အပြီးသတ်ရေးဆွဲရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကတိပြုခဲ့ကြသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ထောက်ပံ့ကူညီပူးပေါင်းဆောင်ရွက်ရေး၊ ပင်လယ်ရေကြောင်းသွားလာမှု လုံခြုံရေးနှင့် အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ (ဆင်ဟွာ)

Read more

Additional information