Logo

ပြည်တွင်းရေကြောင်းကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲ၍ အစုရှယ်ယာများရောင်းချပေးမည်

ပြည်တွင်းရေကြောင်းအား အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးပါက အစုရှယ်ယာများကို လာမည့် ဘဏ္ဍာနှစ်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနလေးခုအား အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့ရာတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အနေဖြင့် အစုရှယ်ယာများကို ပို့ဆောင်ရေးဝန်ထမ်းများအပြင် မည်သူမဆို ဝယ်ယူနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “အများပိုင် ကုမ္ပဏီဖြစ်ပြီး အောင်မြင်ရင် လာမယ့် နှစ်မှာပဲ ရှယ်ယာတွေ ထုတ်ရောင်းသွားမှာပါ။ ဝန်ထမ်းတွေလဲ ဝယ်ယူနိုင်အောင် အစုရှယ်ယာရှင်တွေဖြစ်အောင် ဌာနရဲ့အကျိုးကို ဆောင်ရွက်ရင်း လက်ရှိရရှိလာတဲ့ အကျိုးမြတ်တွေကို မျှဝေခံစားနိုင် အောင်စီစဉ်ထားရတယ်။ ဒါတွေဟာ ပြင်ပရှယ်ယာတွေနဲ့တန်းတူ ရရှိလာမယ့် အခွင့်အလမ်းတွေ ဖြစ်ပါတယ်။ အစိုးရပိုင်လုပ်ငန်းကနေ အများပိုင်လုပ်ငန်းအဖြစ် ပြောင်းလဲဆောင်ရွက်ရာမှာတော့ နိုင်ငံတော်ရဲ့ စီးပွားရေးအခန်းကဏ္ဍကို ပါဝင်တည်ဆောက်တာ ဖြစ်ပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီလို ဌာနကြီးတွေ အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာတွေ ထုတ်ရောင်းတာ ကောင်းပါတယ်။ အခုဆို မြန်မာနိုင်ငံမှာ အများပိုင် ကုမ္ပဏီတွေ အဖြစ် ပေါများလာတဲ့ အတွက်ကြောင့် ရှယ်ယာရှင်တွေ ပေါလာမယ်။ ဒါဟာ ကောင်းတဲ့ အချက်ပါ။ အရင်ကဆို အက်အမ်အိုင်မှာပဲ စတော့ ရှယ်ယာဝယ်လို့ရတယ်။ ခုတော့ များလာတဲ့အတွက် စိတ်ဝင်စားစရာတွေ ဖြစ်လာပါပြီ” ဟု စတော့ရှယ်ရာ ကိုစိတ်ဝင်စားသူ တစ်ဦးက ပြောကြားသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းပါက ရေယာဉ် အသစ်တည်ဆောက်ခြင်း၊ ကုန်တင်ရေယာဉ်များ တည်ဆောက်ခြင်းများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Read more http://www.khitlunge.net.mm/news/news_detail.aspx?info_id=26249

Additional information